![]()
တစ်ခုသော စနေတစ်ရက် ရွှေတိဂုံဘုရားရင်ပြင် တစ်နေရာ တွင် သူတို့နှင့် အမှတ်မထင်ဆုံခဲ့ဖူး သည်။
ရိုးသားစွာ ဝန်ခံရပါလျှင် ထိုစဉ်တုန်းကတော့ သာမန်နှင့် မတူသည့် သူတို့၏အသွင်အပြင် ကြောင့် ကံတရား၏ သဘောကို ဆင်ခြင်မိခြင်းနှင့်အတူ ကရုဏာ တရား တစ်ဝက် စိတ်ဝင်စားမှု တစ်ဝက်ဖြင့် ခဏတာ မေးမြန်း မိတ်ဖွဲ့ခဲ့ဖူးသည်။ သို့သော် အခွင့် အရေးရ၍ သူတို့ရန်ကုန်မှမပြန်မီ ထပ်မံ ဆုံတွေ့ခဲ့ပြီးချိန်မှာတော့ အပေါ်ယံ အသွင်အပြင်အားဖြင့် သာမန်လူများနှင့် ကွဲပြားနေသော် လည်း လူ့တန်ဖိုးဟူသော အဓိ ပ္ပာယ်နှင့်တော့ သူတို့ ကွဲပြားခြားနားမှုမရှိမှန်းသိလိုက်ရသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့ တွင်လည်း နှလုံးသားများရှိခြင်း ကြောင့် ဖြစ်သည်။
ဣတ္ထိရူပံ ဓနံ
အဆင်းရူပါသည်ပင် မိန်းမတို့ ၏ တန်ဖိုး၊ သူတို့၏ အချင်း၊ သူတို့ ၏ ဥစ္စာဓနဖြစ်၏ဟု ကျမ်းဂန်များ ကဆိုသည်။ ထို့ပြင် ”လောကတွင် ဥပဓိတင့်တယ်ကောင်းမွန်သူများ ကို လေးပုံတွင် သုံးပုံသောလူအများ ကြည်ညိုယုံကြည်တတ်ကြ၏”ဟု ဗုဒ္ဓမြတ်စွာဘုရားသည်လည်း ဟောကြားတော်မူခဲ့ဖူးသည်။ ပုထု ဇဉ် လူ့စိတ်သဘာဝ၏ ဖြစ်မြဲ သဘောတရားကို ဆိုလိုခြင်းဖြစ် ရာ ထိုသဘောနှင့် ဆန့်ကျင်ပါက တန်ဖိုးမရှိဟူသော အဓိပ္ပာယ်သို့ မရောက်သော်လည်း လောကဓံ၏ ဒဏ်ရာဒဏ်ချက်များကိုတော့မလွဲ
မသွေ ရင်ဆိုင်ခံစားရနိုင်ပါသည်။
သူတို့နှင့် စတင်ဆုံခဲ့ဖူးစဉ်က တော့ သူတို့နှစ်ဦးစလုံး ဝှီးချဲဘီး တပ်ကုလားထိုင်များပေါ်တွင်ဖြစ်သည်။
ရုတ်တရက်ကြည့်လျှင် သူတို့ ၏အောက်ပိုင်း ခန္ဓာကိုယ်အစိတ် အပိုင်းများကို မမြင်ရ။ သေချာ ဂရုတစိုက် ကြည့်မိသည့်အခါ ခါး နေရာမှ တိုးထွက်ရှိနေသော ခြေထောက်ငယ်များကို မြင်ရပါ လိမ့်မည်။ သူတို့နှစ်ဦးက အမြွှာ ညီအစ်မများဖြစ်သော်ငြား အသွင် အပြင်ကတော့ မတူ။ တစ်ဦးက ယောဂီဝတ်စုံနှင့် ဆံပင်တိုတို။ တစ်ဦးကတော့ ဆန့်ကျင်ဘက် ဝတ်စားဆင်ယင်မှုဖြစ်သည့် အပြာ ရောင်ဝတ်စုံနှင့် ကျကျနန ဖြီးသင် စည်းထားမှန်း သိသာသောဆံနွယ် ရှည်များ။ ပြီးတော့ လက်သည်း နီ၊ ခြေသည်းနီများနှင့် ပြင်ပြင်ဆင်ဆင် နေတတ်ပုံရသည့် အမျိုးသမီး တစ်ဦးအသွင်။
ထိုစဉ်တုန်းကပင် တစ်ဦးနှင့် တစ်ဦး ဝတ်စားနေထိုင်ပုံ မတူညီ ကြသည်မဟုတ်။ ဒုတိယအကြိမ် အဖြစ် သူတို့တည်းခိုရာအိမ်တွင် ဆုံရချိန်တွင်လည်း သူတို့နှစ်ဦး၏ ဝတ်စားနေထိုင်ပုံက မတူ။ အိကြီး ဟု ချစ်စနိုးခေါ်ကြသည့် အကြီး ဖြစ်သူ မနန်းအိအိဖြူက ယောဂီ ဝတ်စုံနှင့် အိမ်ခန်းကြမ်းပြင်တွင် ဘိုးတော်အောင်မင်းခေါင်၏ ထိုင်ပုံကဲ့သို့ ဖြစ်နေသည်။
အိငယ်ဟုခေါ်သည့် အငယ် ဖြစ်သူ မနန်းအိဖြူကတော့ ရွှေဆွဲ ကြိုး၊ ဟန်းချိန်းတို့အပြင် ထူးထူး ခြားခြားနားပေါက် ၇ ပေါက်ဖောက် ထားသော နားတွင်လည်း နားသန် သီးလေးက လှုပ်တုပ်တန်းလန်း။ အနီရောင်ဆိုးထားသော လက်သည်း ခြေသည်းတို့ကပင် ပုံဖော်ထား သော ရွှေရောင်ကနုတ်လေးများနှင့် မိန်းမထိုင်ပုံလည်း ဖြစ်နေ သည်။ တူညီသည့် အချက်လည်းရှိပါ သည်။ ထိုအရာကတော့ သူတို့၏ခြေထောက်ရိုးများက တင်ပလ္လင် ခွေပုံအတိုင်း အသေဖြစ်နေခြင်း။
တစ်အူထုံ့ဆင်း ကံကြမ္မာတွင်းမှ မတူညီခြင်းများ
အငယ်ဖြစ်သောကြောင့်လော၊ သူ၏ ပင်ကိုစရိုက် သဘာဝပင် လော မသိ။ အိငယ်က သွက်လက် ချက်ချာသည်။ မေးသမျှ စကားကို သူသာ အများဆုံးဖောင်ဖွဲ့ပြောဆို နေသည်။ မိန်းကလေးပီပီ ချဉ်ငန် စပ်မှကြိုက်သည်ဆိုသော အိငယ် က ”ဝမှာစိုးလို့ ညနေစာမစားတာ ကြာပြီ” ဟု ပြောလိုက်ပြီးမှ သူ့ ကိုယ်သူသဘောကျဟန်ဖြင့် အိငယ် က တခစ်ခစ်ရယ်သည်။
ထိုသို့ သူ၏ ဝိတ်မတက်စေ ရေးအားထုတ်မှုကိုပြောတော့ အစ်မဖြစ်သူ အိကြီးကလည်း ”သမီးက မိုးလင်းကတည်းက ကွမ်းနဲ့ လက်ဖက်ရည်ပဲ။ ထမင်းက တော့ စားပါတယ်။ အမဲနဲ့ဝက်တော့ ရှောင်တယ်” ဟု ကွမ်းတမြုံမြုံဝါး ရင်း ပြောသည်။
၁၉၈၈ခုနှစ် ကဆုန်လပြည့် နေ့တွင် သူတို့နှစ်ဦး လူ့လောက သို့ရောက်ခဲ့သည်။ ယခုဆိုလျှင် ၂၇ နှစ်ထဲ ဝင်လာကြပြီ။ မွေးဖွား စဉ်တုန်းကတော့ သာမန်ကလေး များနှင့်မခြား။ မွေးချင်းမောင်နှမ ၇ ဦးထဲအိကြီးက နံပါတ် ၅၊ အိငယ်က နံပါတ် ၆။ ခြေလက်များ သည်လည်းပကတိအဖြောင့်အတန်း၊ တစ်နှစ်ခွဲအရွယ်အထိ တန်းကိုင်၍ လမ်းလျှောက်နိုင်ခဲ့သေးသည်ဟု တတိယမြောက်အစ်မဖြစ်သည့် မမိုးသီတာက ပြောပြသည်။
”အရိုးကတော့ ငယ်ငယ်က တည်းက ကျိုးလွယ်တာ။ အရိုးတွေ က သားရေပင်လိုပဲ ၊ ဆွဲလိုက်ရင် ပါလာပြီး လွှတ်လိုက်ရင် ပြန်တို သွားရော။ နှာချေရင်တောင် အရိုး က နာတတ်ကြတယ်။ အရိုးကု ဆရာဝန်ပြောတာတော့ ပိုလီယို တော့မဟုတ်ဘူး။ အမည်တပ်မရတဲ့ အရိုးရောဂါလို့ပြောတယ်”
နောက်ပိုင်းတွင်တော့ သွား လိုရာသို့ လက်ဝါးများ အားပြုကာ တင်ပါးတရွတ်တိုက် သွားကြရ သည်။ ထို့အတွက်ကြောင့်ပင် သူတို့၏ လက်ဖဝါးနှင့်လက်ချောင်း များက အခြား အစိတ်အပိုင်းများ ထက် သိသိသာသာ ကြီးမားသန်မာ နေခြင်းဖြစ်မည်။ အမည်တပ်မရ သော အရိုးရောဂါဟု နာမည်တပ် ထားသကဲ့သို့ အရိုးများ၏ တည် ဆောက်ပုံနှင့် ပျက်စီးတည်ရှိနေပုံ က ထူးခြားသည်။ လက်တစ်ချောင်း လုံးကို ၃၆ဝ ဒီဂရီ တစ်ပတ်လှည့် လှုပ်၍ရနေပြီး အဆစ်အပိုင်းများ ဖြစ်နေသည့်ဟန်။
”သမီးတို့ငယ်ငယ်ကဆို ကျိုး လွန်းလို့ ခဏခဏကျပ်စည်းရတယ်။ တစ်ခါကျိုးရင် တစ်လလောက် ကြာမှ သက်သာတယ်။ နာတာ တော့နာတယ်။ တစ်ယောက်ကျိုး ရင် တစ်ယောက်လည်း လိုက်ကျိုး တတ်တယ်” ဟု အိငယ်က သွက် သွက်လက်လက် ပြောသည်။
ပြီးတော့ သူက အစ်မဖြစ်သူ အိကြီးကို ချစ်စနိုးဟန်ဖြင့်ငေးကာ ”သမီးတို့ နှစ်ယောက်က ကံအကျိုး ပေးတူရုံမကဘူး။ အရိုးကျိုးတာပါ အကျိုးပေး တူတာ။ အိကြီးက ပိုကျိုးတယ်။ သူက စိုးရိမ်လေ ပိုဖြစ်လေမျိုး” ဟု ပြောပြသည်။
ကံတူအကျိုးပေးတူသော်လည်း လူတို့၏ စိတ်သဘာဝ စရိုက်က တော့ ထပ်တူကျနိုင်ခြင်း မရှိ။ ကွမ်းကြိုက်သော အစ်မ အိကြီး၏ ကွမ်းနံ့ကို အိငယ်က မခံနိုင်၍ စိတ်ေ ကာက် ရန်လုပ်တတ်သလို အလှအပကြိုက်သော အိငယ် လက်သည်းခြေသည်း ဆိုးပါက အိကြီးက အနံ့မခံနိုင်၍ တဖျစ် တောက်တောက်။ သို့သော် ဤ ဆန့်ကျင်မှုများက တဒင်္ဂသာ။ အမြွှာညီအစ်မများအဖြစ်သာမက အနီးဆုံးသော ဘဝတူအဖော်များမို့ သူတို့နှစ်ဦးကြား မတူညီမှုများက ကြီးမားသော ပြဿနာလည်း မဟုတ်ကြပါ။
ကံဇာတ်ဆရာ မမြင်သာ
ယောဂီဝတ်စုံကိုသာ အမြဲဝတ် တတ်သော အိကြီးက သူ့ အသက် ၁၁ နှစ်သမီးအရွယ်ကတည်းက ထိုအာသီသဖြစ်ခဲ့ခြင်းဟု ပြော သည်။
မှတ်မှတ်ရရ သူ့အသက် ၁၂ နှစ်။ မကြာခဏ မက်လာတတ်သော အိပ်မက်တစ်ခု။ အစိမ်းရောင် နတ်ဝတ်နတ်စားနှင့်ပုဂ္ဂိုလ်တစ်ဦး။ ညနေဘက် ဘုရားဝတ်တက်ပြီး ချိန်တွင် တွေ့ရလေ့ရှိပြီး အထူး သဖြင့် သောကြာနေ့များတွင် စကားပြောဆိုမိတတ်ကြပြီး အိပ်မက်ထဲမှ ထိုပုဂ္ဂိုလ်နှင့် ခင်မင်လာ ခဲ့သည်ဟု အိကြီးက ဆိုပါသည်။
နောက်တော့ ထိုပုဂ္ဂိုလ်၏ အကူအညီဖြင့် စနေ၊ တနင်္ဂနွေ နှစ်ရက် ဗေဒင်ဟောပေးကာ အသက်မွေးဝမ်းကျောင်းအတွက် ရပ်တည်မှုရလာခဲ့သည်။ ဝင်ငွေက များများ စားစား မဟုတ်ပါ။ တစ် ရက်လျှင် တစ်သောင်းခန့်မျှသာ ဖြစ်၏။ သို့သော် ရသည့်ပိုက်ဆံ များကိုတော့သာသနာရေးအတွက် တစ်ဖို့၊ မိဘများအတွက် တစ်ဖို့ ခွဲခြားထားသည်ဟု အိကြီးဟုခေါ် သည့် မနန်းအိအိဖြူက ပြောသည်။
”မနက်ပိုင်းမှာ တရားနာပါ တယ်။ အရင်ကတော့ ဒယ်အိုး ဆရာတော်တရားတွေ နာတာ များတယ်။ ခုတော့ ဆရာတော်အစုံ နာယူဖြစ်ပါတယ်” ဟု အိကြီးကသူ့ နေ့ စဉ်နေထိုင်မှု တစ်စိတ်တစ်ပိုင်း ကို ပြောပြသည်။ ၇ နှစ်ကျော်ကျော် သက်သတ်လွတ် စားခဲ့သော်လည်း ရင်ကျပ်ရောဂါနှင့် အာဟာရဓာတ် အားနည်းလာမှုကြောင့်ရပ် ခဲ့ရသည်။
”ဒီရောဂါကြောင့် မောမော နေတဲ့အခါ အိငယ်က မကြည့်ရက် ဘူးလေ” ဟု ပြောတော့ ညီအစ်မ နှစ်ဦးကြားမှာ ချစ်ခြင်းမေတ္တာ အတိမ်အနက်ကို လှစ်ခနဲမြင်ခွင့် ရလိုက်သည်။
အိငယ်ကတော့ မြန်မာကား များနှင့် ကိုရီးယားဇာတ်လမ်းတွဲ ခရေဇီ။ ”သမီးက မြန်မာထဲမှာ မိုးအောင်ရင်နဲ့ သက်မွန်မြင့်။ ကိုရီးယားဆို ဂူဂျွန်ဖြိုး။ သီချင်းက တော့ လွှမ်းပိုင်နဲ့ ရဲရင့်အောင်ကို နားထောင်တယ်” ဟု အိငယ်က ဆိုတော့ သူ့အသွင်က ပီဘိခေတ် လူငယ်ဟန်အပြည့်။
ထိုအကြောင်းကို ပြောရသည် ကိုလည်း နှစ်သက် ပျော်ရွှင်နေ သည့်ပုံ ဖြစ်သည်။
”ကိုရီးယား ကားလေးတွေ ကြည့်နေရရင် သူတို့လိုပဲ ပျော်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အားငယ်မှု တွေ ဖြစ်မနေတော့ပါဘူး” ဟု အားရပါးရပြုံးရင်း အိငယ်က ရွှင်ရွှင်လန်းလန်း ဆိုပါသည်။
သူနှစ်သက်ရာ သရုပ်ဆောင်၊ အဆိုတော်များ၏ အနုပညာဖန် ဆင်းမှုများထဲ စီးမျောရင်း သူ၏ စိတ်ကူးအိပ်မက်တို့ကိုလည်း သူ ကိုယ်တိုင်ဖန်တီး နှစ်သိမ့်နေမိခြင်း လည်း ဖြစ်ပါလိမ့်မည်။
စိတ်ခွန်အားနှစ်ဆနှင့် ဘဝထဲက ဘဝ
သာမန်နှင့်မတူသော သူတို့၏ဘဝ အသွင်အပြင်များအရ စိတ် အားငယ်မှုနှင့် သိမ်ငယ်မှုများ ဖြစ်ကြမည်ဟု တွေးမိနိုင်သော်လည်း တကယ်တော့ ထိုအမူအယာနှင့် ဓိတ်ဓာတ်ကျဆင်း ထိခိုက်နေမှုမျိုး သူတို့နှစ်ဦးစလုံးတွင် မမြင်ရပါ။ ထိုသည်ကပင် မသန်သော်လည်း စွမ်းပကားရှိ၏ဟု အားပေးချီး မြှောက်ထားသည့် မသန်စွမ်းဟူ သော ဂုဏ်ဒြပ်ကို သက်သေပြနေ ကြသကဲ့သို့ပင်။
အိကြီးနှင့် အိငယ်နှစ်ဦးစလုံး တွင်ရှိသည့် တူညီသည့်အရည်အချင်း ကတော့ လက်မှုပညာကို သင်လွယ် တတ်လွယ်ကြခြင်း ဖြစ်သည်။
အိကြီးက သစ်စေ့၊ သစ်သား ကို ပွတ်လုံးထိုးထားသော အစေ့ လေးများဖြင့် လက်ကိုင်အိတ်အမျိုး မျိုး လုပ်တတ်သလို အိငယ်ကတော့ သိုးမွေးထိုး ကျွမ်းကျင်သည်။ သို့သော် ထိုအရည်အချင်းများက သူတို့အတွက် စိတ်ဖြေရာ၊ အချိန် ဖြုန်းရာ၊ မိသားစုအတွက် အပျော် သဘောသာ။ ထိုအချက်ကလည်း မြန်မာနိုင်ငံတွင် မသန်စွမ်းသူ များ၏ ဘဝရပ်တည်မှုအတွက် တစ်ဦးချင်း ဝင်ငွေခိုင်မာ အာမခံ ချက်ရှိသည့် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးရန် လိုအပ် နေသေးသည်ကို မီးမောင်းထိုးပြနေ ခြင်း
ဖြစ်သည်။
သူတို့သည်လည်း လူသား များပင်ဖြစ်ပါသည်။ ဆူကြုံနိမ့်မြင့် ဘဝအသီးသီးကြုံတွေ့ရမည့် လော ကဓံသည်လည်း သူတို့ကို စိန်ခေါ် တိုက်ခိုက်နေပါလိမ့်မည်။ သို့သော် တခြားသူများနှင့် ကွဲပြားနေခြင်း ကို ပြဿနာဟုမခံယူဘဲ သာမန် လူများအတိုင်း ခံစားရပ်တည်နေ နိုင်သည့် သူတို့၏စိတ်ခွန်အားက တော့လေးစား အသိအမှတ် ပြု စရာ ဖြစ်သည်။
မသန်စွမ်းသူတွေ အပေါ် ဆက်ဆံ ပုံကို ကြည့်ပြီး လူတွေကို ဘယ်လို အမျိုးအစားလဲ ဆိုတာ သိနိုင်ကြ ပါတယ်။ ကမ္ဘာကြီးမှာ ခန္ဓာသန်စွမ်းသူတွေ ရှိနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ လွတ်လပ်စွာ သန် မာကြပါရဲ့လားလို့ မေးစမ်းကြည့် ဖို့တော့ လိုမည်။ သူတို့ ပတ်ဝန်း ကျင်က ခွဲခြားဆက်ဆံခြင်း မရှိ သည်ကလည်း ထိုက်တန်သော ဆုလာဘ်။ထို့ကြောင့် သူတို့၏ ရှင် သန်မှုက သူတပါးကို မှီခိုအသနား ခံ ရပ်တည်နေရသည့် ဘဝမဟုတ်။ သူငယ်ချင်းများ ကျောင်းတက်သွား လာနေသည်ကို မြင်တော့သူတို့ လည်း တက်ချင်သည်။ သူငယ်ချင်း များ အိမ်ထောင်ပြုသွားသည်ကို မြင်လျှင်တော့ အိငယ်က စိတ်ရှုပ် စရာတွေဟု ဆင်ခြင်ကြောင်း ဆို ပါသည်။သို့သော် သူ့မှာကယောကျာ်း လေး မိတ်ဆွေသူငယ်ချင်း များ သည်။
အစ်မဖြစ်သူ အိကြီးကတော့ ထိုသို့မဟုတ်သဖြင့် ညီမငယ်၏ အပေါင်းအသင်းများခြင်းကိုမတား မြစ်သာ။
”သူ့ကိုတော့မနိုင်လို့ တရား မဟောတော့ဘူး”ဟုအိကြီးကပြော တော့ အားလုံးရယ်မောမိကြသည်။
အိပ်မက်လှလှနှင့် ဆုတောင်းများ လည်း ပြည့်ပါစေ
တကယ်တော့ သူတို့သည် လည်း အရွယ်ရောက်ပြီးသား ကျန်းမာသော၊ သဘာဝဖြစ်စဉ်ကို ဖြတ်သန်းနေရသော မိန်းမသား များ ဖြစ်သည်မဟုတ်ပါလား။ ရင်ခုန်ခဲ့ ရသော ဇာတ်လမ်းများ ရှိ ခဲ့ဖူးသော်လည်း မဖြစ်နိုင်သော ဘဝ အခြေအနေကြောင့် နောက် ဆုတ် ခဲ့ရဖူးသည်ဟု အိငယ်ပြော ပြစဉ် သူ့မျက်လုံးများက မှုန်မှိုင်း ရီဝေနေသလိုပင်။
”ကရုဏာစိတ်နဲ့ ချဉ်းကပ် လာသူတွေလည်းရှိပါတယ်။ ဒါပေမဲ့ အဲဒီယောက်ျားတွေကို လည်း တဖြည်းဖြည်း နားဝင်အောင် ပြော ပြရတာပေါ့လေ”ဟု အိငယ်က ပြော သည်။
ဘဝကန့်လန့်ကာကို ဖြစ်သင့် သည့်အခန်းတွင် ပိတ်ရန် ကြိုး စားနေသည့် အိငယ်ကိုငေးရင်း Arieal ကာတွန်းကားမှ မင်းသား လေးကို ချစ်ကျွမ်းဝင်မိသည့် ရေ သူမလေးကို သတိရလိုက်မိသည်။
အမှတ်မထင် ဝင်ဝင်လာ တတ်သည့် အားငယ်မှုများအတွက် သူတို့မှာလည်း ကိုယ်ပိုင်ဆေးများ ရှိပါသည်။
”သီချင်းနားထောင်တယ်။ ကိုယ့်ထက်နိမ့်တဲ့သူတွေ ရှိသေး တာပဲလို့ တွေးလိုက်တယ်” ဟု အိငယ်က သူ အားတင်းရပုံကို ပြောသည်။ အိကြီးကတော့ ဘုရား ဝတ်ပြုခြင်းနှင့် သူ့ပုဂ္ဂိုလ်ကို တိုင် တည်ရင်ဖွင့်ခြင်း။
”အဲဒါတွေလုပ်ပြီးရင် စိတ် အေးပြီး ပျော်သွားတာပါပဲ။ တစ် နေ့တာအတွက် စိတ်ချမ်းသာသွား တာပါပဲ။ ဘယ်ခန္ဓာရရ အဆင် ပြေအောင် နေရတော့မှာပေါ့” ဟု တရားနှလုံး သွင်းထားနိုင်သည့် တည်ငြိမ်မှုနှင့် ဆိုပါသည်။
သူတို့တွင် စိတ်ကူးအိပ်မက် များရှိသလို လုပ်နိုင်သည် တို့ကို လည်း တတ်စွမ်းသမျှ လုပ်နေကြ ပါသည်။
အိကြီးတွင် ကျောင်းကန် ဘုရား တည်လိုသော ဆန္ဒရှိပြီး ယခင်ကလည်း ပဲခူြးေ>ွမနှစ်ကောင် ဘုရားတွင် မုခ်ဦး၊ ထီးတော်စသဖြင့် လိုအပ်သည့်နေရာများတွင် ဖြည့် ဆည်းလှူဒါန်းခဲ့ဖူးသည်။ အိငယ် ကတော့ သူတို့နေထိုင်နေသော ပဲခူးတိုင်း အင်းတကော်၊ သာယာ ကုန်း ကျေးရွာအနီးတစ်ဝိုက်မှ ကလေးများကို ရှင်သာမဏေ ပြု ပေးလိုသည်။
သူတို့ အကြောင်း ရေးထားတဲ့ ဒီဆောင်းပါးကို ဖတ်ရသူတွေကို ပျော်စေချင်ပြီး စိတ်ဓာတ်ကျနေ သူများ ရှိရင်လည်း ”ဒီနေ့တစ်နေ့ တော့ ပျော်အောင်နေကြည့်လိုက် ပါလို့” အားပေးစကား ပြောလို သည်ဟု ဆိုသည်။
အကယ်၍ နောင်ဘဝသံသ ရာတွင်း ကျင်လည်ရဦးမည်ဆိုပါက အိကြီးဟုခေါ်သည့် မနန်းအိအိဖြူ ၏ ဆုတောင်းက ကျန်းမာသန်စွမ်း သော ယောက်ျားကောင်း ဘဝ။ အိငယ် ခေါ် မနန်းအိဖြူကတော့ လှပချောမောသော မိန်းကလေး။
တကယ်တော့ သူတို့ကြုံတွေ့ခဲ့ ရသော လောကဓံနှင့် ဘဝ၏ကံတရားက ကြမ်းတမ်းပါသည်။ သို့သော် သူတို့ လဲပြိုကျမသွားခဲ့။ မျှော်လင့်ချက်ဖြင့်၊ ဘဝအိပ်မက် ဖြင့်၊ စိတ်ခွန်အားများဖြင့် သူတို့ ဆက်လက် ရှင်သန်ရပ်တည်နေ ကြပါလိမ့်မည်။
စရိုက်သဘာဝများ၊ အပြုအမူ နေထိုင်မှုများ မတူညီကွဲပြားကြ သော်လည်း သူတို့ညီအစ်မ နှစ် ဦးလုံး၏ နှလုံးသားထဲတွင်တော့ တူညီသော ဖြစ်လိုစိတ် တစ်ခုရှိပါ သည်။
အိကြီးက ညီမငယ်ကိုငေးကာ နှစ်ဦးစလုံး၏ စိတ်ကိုကိုယ်စား ပြုသော စကားတစ်ခွန်းကို ပြောခဲ့ သည်။
”တကယ်လို့သာ ခြေထောက် တွေ သန်စွမ်းမယ်ဆိုရင် အုတ် ဖုတ်နေရတဲ့မိဘတွေကို အလုပ် ကောင်းကောင်းလုပ်ပြီး ပြုစုလုပ် ကျွေးချင်ပါတယ်”
ထိုစကားသည်ပင် သာမန် လူသားတို့နှင့် မခြားသော သူတို့၏ စိတ်အလှတရား လူသားတန်ဖိုး ဖြစ်ပြီး သူတို့၏ လှပသောအဆင်း ဟုသာ ဆိုချင်မိပါတော့သည်။ တကယ်တော့ ဣတ္ထိယရူပံသည် သာ ဓနံ မဟုတ်ပါ။
ဟဒယရူပံဟူသော နှလုံးသား အလှသည်လည်း သူတို့ ညီအစ်မ နှစ်ယောက်၏ ဥစ္စာ ဓနံ ပြည့်စုံ ကြွယ်ဝခြင်းတန်ဖိုးပင် မဟုတ်ပါ လား။
Popular