Quantcast
Channel: Oppositeyes
Viewing all articles
Browse latest Browse all 13897

တရားဥပဒေအရ တာဝန်ယူပေးကြစေချင်သည် ။

$
0
0


၂၂ ရက် ၊ ဒီဇင်ဘာ ၊ ၂၀၁၅

ကျွန်မတို့နိုင်ငံမှာ မာဖီးယားဆိုတဲ့လူဆိုးဂိုဏ်းတွေများ တစ်ကယ်ပဲ ကြီးထွားနေခဲ့ပြီလားလို့ ။ ပြီးခဲ့တဲ့ရက်က လှိုင်သာယာမှာနေတဲ့ ညီမတစ်ယောက်က ပြောပြပါတယ် ။ လှိုင်သာယာစက်မှုဇုန်ထဲမှာ အလုပ် လုပ်နေတဲ့ သူ့အသိတစ်ယောက် ဒါးနဲ့ အခုတ်ခံရပါတယ် တဲ့ ။ လူရှစ်ယောက်လောက်က ၀ိုင်းခုတ်တာပါ ။ အဲဒီလူတွေက လှိုင်သာယာမှာ နံမည်ကြီးလူမိုက်အဖွဲ့ဝင်တွေလို့ ပြောပါတယ် ။ အဲဒီလူတွေကိုလည်း ဒါးနဲ့အခုတ်ခံရသူက မှတ်မိပါတယ် ။ အပြေးမြန်လို့ အသက်မသေခဲ့ပါဘူး ။ ဒါပေမယ့် ဗိုက်မှာ ဒါးနဲ့ ရှပ်ထိသွားပြီး ခြေမပေါ်ကိုလည်း ခုတ်တဲ့ဒါးတစ်ချောင်း ပြုတ်ကျသွားတာ ပြတ်ရှသွားခဲ့ပါတယ် တဲ့ ။ အင်းစိန်ဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှု ခံယူခဲ့ပါတယ် လို့ ပြောပါတယ် ။ ဆေးရုံမှာ ဘယ်က မှုခင်းရဲကမှလည်း လာရောက် စစ်ချက်မယူ ၊ အခင်းဖြစ်ခဲ့တဲ့ နယ်မြေရဲစခန်းမှာလည်း ချက်ချင်း အမှုဖွင့်လို့ မရခဲ့ပါဘူးတဲ့ ။ အပိုင်နယ်မြေကို အငြင်းပွားနေခဲ့ကြတယ်လို့ သိရပါတယ် ။ ဆေးရုံမှာ ရောက်နေတုန်း ဒါးနဲ့ခုတ်ခဲ့တဲ့ လူမိုက်အဖွဲ့ထဲက နှစ်ယောက်က ဆေးရုံထဲ လာရှာလို့ ကြောက်ပြီး ဆေးရုံက ဆင်းပြေးခဲ့ရပါတယ် ။ အခင်းဖြစ်ပြီး နောက်တစ်နေ့မှာမှ ခက်ခက်ခဲခဲနဲ့ အမှုဖွင့်လို့ ရခဲ့ပါတယ် တဲ့ ။

အဲဒီလို ဒါးနဲ့မခုတ်မီကလည်း သူ့ရဲ့အလုပ်ရှင်မိသားစုကို သိန်းတစ်ထောင့်လေးရာပေးပြီး သတ်ဖို့ သူတို့လူမိုက်အဖွဲ့ကို ငွေပေးငှားရမ်းထားသူ ရှိနေတယ်လို့ အလီလီ ဖုန်းဆက် ခြိမ်းခြောက်ခဲ့ပါတယ်လို့ သိရပါတယ် ။ ပြီးခဲ့တဲ့ရက်က လှိုင်သာယာမှာ လူဆိုးခြောက်ယောက်ကို လက်နက်တွေနဲ့ ဖမ်းဆီးမိတယ်ဆိုတာ၊ တကယ်တော့ ဒီအမှုရဲ့ နောက်ဆက်တွဲကွင်းဆက်တွေပါ ။

အဲဒီလူမိုက်အဖွဲ့တွေဟာ လှိုင်သာယာမှာရှိတဲ့ ကျူးကျော်တဲတွေမှာလည်း ပါဝင်ပါတ်သက်နေပြန်ပါတယ် ။ ကျူးကျော်တဲဆောက်ချင်သူတွေက သူတို့နဲ့ ညှိနှိုင်းရပါတယ် ။ ဆက်ကြေး ပေးရပါတယ် ။ မြေပိုင်ရှင်တွေက အဲဒီကျူးကျော်တဲတွေကို ဖယ်ရှားချင်ရင်လည်း သူတို့နဲ့ ညှိနှိုင်းပြီးမှ ဖယ်ရှားလို့ လွယ်ကူပါတယ်တဲ့ ။ နံမည်ကြီး ကုမ္ပဏီကြီးတစ်ခုဆိုရင် သူပိုင်တဲ့ မြေထဲက ကျူးကျော်တဲတွေကို ဖယ်ရှားဖို့ အဲဒီလူမိုက်အဖွဲ့ကို သိန်းတစ်သောင်းခွဲလောက် သုံးခဲ့ပြီး ခုထိ လက်ကိုင်တုတ်အနေနဲ့ မွေးထားဆဲလို့ သိရပါတယ် ။

လှိုင်သာယာဖက်မှာ မြေချပါမစ်နဲ့ ရောင်းချထားတဲ့မြေကွက်တွေမှာလည်း သူတို့ပါဝင်နေပြန်ပါတယ်လို့ သိရပါတယ် ။ သိန်းနှစ်ထောင်ကျော်တန်တဲ့မြေကွက်ကို မြေချပါမစ်နဲ့ ၀ယ်ယူမိသူတစ်ဦးက ၀ယ်ပြီးတဲ့မြေကွက်မှာ ခြံစောင့်ထားတဲ့အခါ ပြန်ဖယ်ပေးဖို့ လာပြောသူရှိလို့ တရားဥပဒေအရ ဖြေရှင်းမယ်ဆိုပြီး လက်မှာရှိနေတဲ့ ပိုင်ဆိုင်မှုစာရွက်တွေကို စစ်ဆေးလိုက်ကာမှ အတုတွေဖြစ်နေလို့ တရားရုံးမှာ အမှုဖွင့်ခဲ့ပါတယ် ။ အမှုရင်ဆိုင်နေဆဲကာလမှာ အဲဒီလူမိုက်အဖွဲ့က လာ ညှိပါတယ်တဲ့ ။ နောက်ဆုံးတော့ တရားရုံးမှာလည်း အချိန်ကုန်မခံနိုင် ၊ အမှုနိုင်ဖို့ကလည်း မသေချာတော့ သူတို့ညှိပေးတဲ့ငွေနဲ့ပဲ လက်ခံပြီး ကျေနပ်လိုက်ရတယ်လို့ ပြောပါတယ် ။ စာရွက်စာတမ်းတွေ အတုလုပ်တဲ့အထိ အတင့်ရဲစွာ လုပ်ကိုင်နေကြတာ အံ့သြစရာပါပဲ ။ အဆင့်မြင့်လာတဲ့ လူမိုက်အဖွဲ့တွေ ဖြစ်လာနေတာ တွေ့ရပါတယ် ။
တစ်ခါ ကျူးကျော်တဲတွေကို ဖယ်ရှားဖို့ သိန်းပေါင်းသောင်းနဲ့ ချီပြီး ငွေပေးငှားခဲ့တဲ့ အဲဒီ ကုမ္ပဏီကြီးကပဲ သူ့လုပ်ငန်းခွဲတစ်ခုမှာ ကားမောင်းတဲ့ ကားသမားတွေအပေါ်မှာလည်း အဲဒီလူမိုက်အဖွဲ့ကို အသုံးပြုပြီးတော့ပဲ အနိုင်ကျင့်မှုတွေ လုပ်ခဲ့ပြန်ပါတယ်လို့ သိရပါတယ် ။ အလုပ်ထွက်မယ်လို့ အကြောင်းကြားလာရင် အဲဒီကားမောင်းသမားတွေရဲ့ နောက်ဆုံးလစာကို ထုတ်မပေးတော့ပါဘူး ။ လစာလိုချင်ရင် သူဌေးအိမ်မှာ လာယူခိုင်းပါတယ် ။ လစာငွေ သွားယူမိတဲ့ ကားမောင်းသမားတွေကို သူဌေးအိမ်ရောက်ရင် သူခိုးလို့ စွပ်စွဲ ၊ တံခါးတွေပိတ်ပြီး ကြိုးနဲ့ ချည် ၊ ၀ိုင်းရိုက်ပါတယ်တဲ့ ။ တစ်ချို့ကားမောင်းသမားတွေဆိုရင် ကိုယ့်လစာမရဘဲ အထိုးအရိုက်ခံရရုံသာမက သူ့အိမ်က ဇနီးသည်ဆီကို ဖုန်းဆက်ပြီး သူ့ခင်ပွန်းသည်ဟာ သူဌေးအိမ်ကို ဖေါက်ထွင်းခိုးယူတာ မိထားလို့ ရဲစခန်းမှာပို့ပြီး အမှုဖွင့်အရေးယူတာ မဖြစ်စေချင်ရင် ငွေသုံးသိန်း ၊ လေးသိန်းစသဖြင့် ပေးပြီး လာရွေးယူပါဆိုပြီး ငွေညှစ်ခံရ ၊ ထပ်ပေးလိုက်ရတာတွေလည်း ရှိပါတယ် တဲ့ ။

ဒီအခါမှာ ကျွန်မတော့ ဘာကို သွားတွေးမိသလဲဆိုရင် မာဖီးယားဆိုတဲ့ နိုင်ငံတကာက လူမိုက်အဖွဲ့အစည်းတွေကိုပါပဲ ။ မာဖီးယားဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ ဒုစရိုက် အဖွဲ့အစည်းတွေကို ခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ် ။ ပထမဦးဆုံး အဲလိုခေါ်ဝေါ်သုံးစွဲခဲ့တာက အီတလီက ဒုစရိုက်အဖွဲ့တွေကိုဖြစ်ပြီး အဖွဲ့ဝင်တွေကို ကိုဆာနိုထရာလို့ လူသိများခဲ့ကြပါတယ် ။ စံနစ်တကျ ဖွဲ့စည်းထားတဲ့ လူဆိုးဂိုဏ်း ၊ ဒုစရိုက်သမားအဖွဲ့တွေ လို့ သတ်မှတ်ထားပါတယ် ။ အဲဒီအဖွဲ့အစည်းဝင် တစ်ဦးတစ်ယောက်ကသော်လည်းကောင်း ၊ အဖွဲ့စည်းဝင်တွေကသော်လည်းကောင်း ဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ဆောင်ချက်တွေကို ကျူးလွန်ကြပါတယ် ။ မာဖီးယားအဖွဲ့ဝင်တွေဟာ ဒုစရိုက်မှုတွေဖြစ်တဲ့ အယောင်ဆောင်မှု ၊ လိမ်လည်မှု ၊ ရိုက်စား ၊ တရားမ၀င်လုပ်ငန်းတွေမှာ တိုက်ရိုက်ပါဝင်ပတ်သက်ကြပါတယ် ။ မာဖီးယားတွေဟာ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးအခန်းကဏ္ဍတွေမှာ အကျင့်ပျက်ဝန်ထမ်းတွေကို စည်းရုံးထားကြပြီး သူတို့ရဲ့ဒုစရိုက်မှုတွေကို စုံစမ်းစစ်ဆေးတာ ၊ အရေးယူတာ ၊ စွဲချက်တင်တာတွေကနေ ရှောင်ရှားနိုင်ဖို့နဲ့ အနည်းဆုံးတော့ ကြိုတင်သတိပေးချက်တွေ ရရှိနိုင်ဖို့ စီစဉ်ထားကြပါတယ် ။ သူတို့ဟာ ဥပဒေနဲ့ဆန့်ကျင်တဲ့လုပ်ငန်းတွေဖြစ်တဲ့ အတိုးနှုန်းမြင့်ငွေတိုးချတာ ၊ စီးပွားရေးလုပ်ငန်းတွေမှာ ၀င်ရောက်မိုက်ကြေးခွဲတာ ၊ အခကြေးငွေယူပြီး လုပ်ကြံသတ်ဖြတ်တာ ၊ ခြိမ်းခြောက်စာပို့တာ ဒါမှမဟုတ် ဖုန်းဆက်ခြိမ်းခြောက်တာ ၊ လောင်းကစားဒိုင်တွေ တရားမ၀င်ဖွင့်လှစ်တာ ၊ အယုံသွင်း တစ်ပတ်ရိုက်တာ ၊ စာရွက်စာတမ်းတွေ အတုပြုလုပ်တာ ၊ ပြန်ပေးဆွဲတာ ၊ ပြည့်တန်ဆာလုပ်ငန်း ၊ မူးယစ်ဆေးဝါး ရောင်းဝယ်တာ ၊ ကြေးစားလူသတ်တာ ၊ လူကုန်ကူးတာစတဲ့ လုပ်ငန်းတွေကို အုပ်စုဖွဲ့ ကျူးလွန်ကြပါတယ် ။ အင်အားကောင်းလာရင်တော့ စစ်လက်နက်မှောင်ခိုတာ ၊ ငွေကြေးခ၀ါချတာ ၊ နိုင်ငံရေးအဂတိလိုက်စားတာ စသဖြင့် နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကိုပါ ၀င်ရောက် စွက်ဖက်ကြပါတော့တယ် ။

၁၉၈၀ ပြည့်လွန်နှစ်တွေထဲက လူပေါင်းနှစ်ဆယ်ကျော်ကို သတ်ဖြတ်ခဲ့ပြီး နှစ်ပေါင်းသုံးဆယ်
ကျော်ကြာအောင် အီတလီအာဏာပိုင်တွေလက်က ထွက်ပြေးလွတ်မြောက်နေခဲ့တဲ့ အီတလီမာဖီးယား ဂိုဏ်းခေါင်းဆောင်ဖြစ်သူ ပတ်စ်ကာလီ စကော့တီကို ဘရာဇီးရဲအဖွဲ့ဟာ ၂၇ရက် ၊ မေလ ၊ ၂၀၁၅ ကမှ ဖမ်းဆီးမိခဲ့တယ်လို့ မြန်မာ့ရုပ်မြင်သံကြားက သတင်းကြေငြာခဲ့ပါတယ် ။ သူ့ကို ဖမ်းမိဖို့ ဘရာဇီးဖက်ဒရယ်ရဲတပ်ဖွဲ့နဲ့ အင်တာပိုတို့က ပူးပေါင်းစစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးခဲ့ရပါတယ် ။ အသက် ငါးဆယ့်ခြောက်နှစ်အရွယ်ရှိတဲ့ စကော့တီကို သေနတ်တွေ လက်ဝယ်ထားရှိမှု ၊ မတရားငွေတောင်းခံမှုနဲ့ လူနှစ်ဆယ်ကျော် သတ်ဖြတ်မှုတွေနဲ့ ၁၉၉၁ ခုထဲက အီတလီတရားရုံးမှာ တရားစွဲထားခဲ့တာလို့ ရိုက်တာသတင်းဌာနမှာ ဖေါ်ပြခဲ့ပါတယ် ။

၂၀၀၉ ခုနှစ်ကလည်း အီတလီရဲတပ်ဖွဲ့ဟာ နေပဲလ်မြို့ဒေသတစ်ဝိုက်မှာ မာဖီးယားခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးခဲ့ရာမှာ မျိုးနွယ်စုအကြီးအကဲတွေ အပါအ၀င် လူ ခြောက်ဆယ်လောက်ကို ဖမ်းဆီးရမိခဲ့ပါတယ် ။ မူးယစ်ဆေးဝါး တရားမ၀င်ရောင်းဝယ်မှု ၊ ငွေကြေးခ၀ါချမှုတွေအပြင် လူသတ်မှုတွေအများကြီးနဲ့ ဆက်နွယ်နေတဲ့ မာဖီးယားဂိုဏ်းသားစုစုပေါင်း ၁၀၉ ယောက်ကို ဖမ်းဝရမ်း ထုတ်ခဲ့ရပါတယ် ။

ဒီတော့ ရန်ကုန်မြို့တော်ကြီးရဲ့ လက်တစ်ကမ်းမှာရှိနေတဲ့ လှိုင်သာယာမြို့နယ်မှာ ဒီလောက်အထိ မင်းမဲ့စရိုက်ဆန်စွာ ရမ်းကားနေကြတာဟာ တရားဥပဒေစိုးမိုးရေး ၊ ရပ်ရွာ အေးချမ်းလုံခြုံရေးတွေကို စိမ်ခေါ်နေတာပါ ။ အရင်ကလည်း သီရိမင်္ဂလာဈေးဟောင်းမှာ အုပ်စုဖွဲ့ရမ်းကားပြီး မိုက်ကြေးခွဲ
နေခဲ့တဲ့လူမိုက်အုပ်စုတွေ ရှိခဲ့ပါတယ် ။ ရဲအဖွဲ့က တရားဝင်နှိမ်နင်းမှသာ ကွယ်ပျောက်သွားခဲ့တာပါ ။ အခုလည်း မသမာတဲ့ငွေရှင်တွေက ငွေပေးခိုင်းပြီး ငှားရမ်းသမျှကို စီးပွားရေးသဖွယ် လုပ်ကိုင်ပြီး ဥပဒေမဲ့ရမ်းကားနေတဲ့ လူဆိုးဂိုဏ်းကြီးဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလာနေပါတယ် ။ လှိုင်သာယာမြို့နယ်အတွင်းမှာ နေထိုင်သူပြည်သူလူထုဟာ ဘ၀နေထိုင်မှုလုံခြုံရေးတွေ ကင်းမဲ့နေပါတယ် ။ ကြာလာရင် နိုင်ငံတကာက မာဖီးယားဂိုဏ်းတွေလို အုပ်ချုပ်ရေးအာဏာအပေါ်မှာတောင် ချုပ်ကိုင်လာနိုင်တော့မယ့်အဖွဲ့တွေ ဖြစ်လာကြတော့မှာ ။ အခုတောင် လှိုင်သာယာမှာ ဘာပြဿနာပဲဖြစ်လာလာ သူတို့အဖွဲ့ရဲ့ ဖြေရှင်းအုပ်ချုပ်မှုကိုသာ လက်ခံနေကြရပါတယ် ။ ကျွန်မတို့ကို ပြောပြတာတောင်မှ အမည်မဖေါ်ရဲကြဘဲ ကြောက်ရွံ့နေကြပါတယ် ။

လူတွေရဲ့ အသက်ကို ဖက်ရွက်သာသာ သဘောထားပြီး လက်ရဲဇက်ရဲ သတ်ဖြတ်အနိုင်ကျင့်နေတာကို တရားဥပဒေအရ ဘယ်လိုမှ မကာကွယ်နိုင်ကြတော့ဘူးတဲ့လား ။ လူဆိုးတွေကို နံမည်ပေါက် သမိုင်းရာဇ၀င်တွင်အောင် မွေးမြူနေကြတာမျိုးတော့ မဖြစ်စေလိုပါဘူး ။ ဒီလောက်အတင့်ရဲစွာ အုပ်စုဖွဲ့မိုက်ကြေးခွဲနေတဲ့ လူမိုက်အဖွဲ့ရဲ့နောက်ကွယ်မှာရော ဘယ်လိုလက်မည်းကြီးတွေများ ရှိနေနိုင်သလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ တကယ်တော့ ကျွန်မတို့က ဒီအကြောင်းအရာတွေကို ဖေါ်ထုတ်ရေးသားနိုင်ရုံပဲ ရှိပြီး တရားဥပဒေအရ ကိုင်တွယ် စုံစမ်း အရေးယူဖို့ကတော့ နိုင်ငံတော်ရဲ့ အာဏာပိုင်အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ် ။ လူထုအသံလို့ လက်ခံနားလည် ဖြေရှင်းပေးဖို့ကိုတော့ မရဲတရဲ မျှော်ရုံမှအပ အခြားမရှိပါ ။

မ၀ါ ။

Viewing all articles
Browse latest Browse all 13897

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>